ငဖဲမြို့နယ်တွင် စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး စာဖတ်ဝိုင်း ကျင်းပ

ငဖဲ  ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀  နာရီခွဲအချိန်က ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း Grade-9 အခန်းတွင် “သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက အမှာစကားပြောကြားပြီး ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်အတွက် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် Grade-9 မှ မနှင်းဝတ်မှုန်ဦးက ၂၀၂၄ ခုနှစ် မေလထုတ် အတွဲ(၅၁)၊ အမှတ်(၅) “သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်”စာအုပ်မှ ဒေါက်တာလွင်သန့်ရေးသားသည့် ဆယ်ကျော်သက်များ ဆေးလိပ်၊ အီးစီးကရက်မသောက်ရေး ဆောင်းပါးပါ ဆယ်ကျော်သက်လူငယ်များအနေဖြင့် ဆေးလိပ်၊ အီးစီးကရက် စသည်တို့ကို စူးစမ်းလိုစိတ်ဖြင့် မသောက်သုံးသင့်ကြောင်း၊ မိဘများနှင့်ပတ်ဝန်းကျင်ရှိ လူများကပါ ဝိုင်းဝန်းထိန်းသိမ်းပေးရမည်ဖြစ်ကြောင်းနှင့် ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိလာနိုင်သည့် ရောဂါဝေဒနာများအကြောင်းနှင့် Grade-9 မှ မဇူလိုင်သွင်က ထက်ဝေအောင်(စစ်ကိုင်း)ရေးသားသည့် “မိသားစုဘဝလှပရေး ကလေးအလုပ်သမားအဖြစ်မှဖယ်ရှားပေး”ဆောင်းပါးပါ အချို့ကလေးများသည် မိသားစုစားဝတ်နေရေးအတွက် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေရကြောင်း၊ လုပ်ငန်းနယ်ပယ်အသီးသီးတွင် အလုပ်လုပ်ကိုင်နေကြရသည့် ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု နှေးကွေးနိုင်ကြောင်းနှင့် ကလေးများကို အလုပ်သမားအနေဖြင့် အလုပ်လုပ်စေခြင်းသည် ဉပဒေနှင့်မညီညွတ်ကြောင်း စသည်တို့ကို ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်း၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ဓါတ်ပုံပြပွဲ၊ စာဖတ်ဝိုင်းနှင့် ပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် လစဉ်ပုံမှန် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)