ဘိုကလေးမြို့နယ်တွင် သစ်စိမ်းမြေဩဇာ မြေမြုပ်ထည့်သွင်းပြီး စပါးအထွက်တိုးရေး တောင်သူများနှင့်တွေ့ဆုံ

ဘိုကလေး ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စုရှိ တောင်သူဦးစံသောင်း၏ လယ်ယာမြေတွင် ယနေ့နံနက် ၉ နာရီ အချိန်က ၂၀၂၄-၂၀၂၅ ခုနှစ်မိုးစပါး တစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)အား လယ်ကွက်အတွင်း ထည့်သွင်းမြေမြုပ်ပွဲ ကျင်းပဆောင်ရွက်သည်။

အဆိုပါ ပိုက်ဆံလျှော်မြေဩဇာ ထည့်သွင်းမြေမြုတ်ပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် ကော်မတီဝင် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး တောင်သူဦးစံသောင်း၏ လယ်ယာမြေအတွင်း ယခုနှစ်မိုးစပါးရာသီ မေလအတွင်းက ကြဲပက်စိုက်ပျိုးထားသော သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပင်များအား ထွန်စက်များဖြင့် မြေမြုပ်ထည့်သွင်းခြင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် သစ်စိမ်းမြေဩဇာထည့်သွင်းမြေမြုတ်ခြင်း အခမ်းအနားဆောင်ရွက်သော သာပေါင်းကျေးရွာအုပ်စု၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များက ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲ ဆက်လက်ကျင်းပဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက စိုက်ပျိုးသီးနှံများ အထွက်တိုးရေးအတွက် မြေအာဟာရ ကြွယ်ဝရန်လိုအပ်ကြောင်း၊ မြေအာဟာရ ပြည့်မှီရေးအတွက် ဓာတုမြေဩဇာများ ထည့်သွင်းခြင်းသည် မြေအတွက် ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်သောကြောင့် သဘာဝသစ်စိမ်းမြေဩဇာဖြစ်သော ပိုက်ဆံလျှော် မြေဩဇာထည့်သွင်းစိုက်ပျိုးရန်နှင့် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးက ယခင်သမားရိုးကျ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးခြင်းထက် ယခုမျိုးစေ့ချကိရိယာ Drum Seederဖြင့် စိုက်ပျိုးခြင်းသည် အထွက်နှုန်းပိုမိုးတိုးတက်ခြင်း၊ လုပ်အားသက်သာခြင်းစသော အကျိုးကျေးဇူးများရရှိနိုင်သဖြင့် ကြဲခင်းစနစ်အစား မျိုးစေ့ချကိရိယာဖြင့် ပြောင်းလဲစိုက်ပျိုးကြရန် တောင်သူများအား လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)