မြောင်းမြမြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာနှင့်ကျောင်းများ အရောက်စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မြောင်းမြ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်‌နေ့ နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်​မြေစာရင်းဦးစီးဌာန၊ ခရိုင်/မြို့နယ်ကော်မရှင်၊ အ.ထ.က (၁) နှင့် အ.မ.က (ကုန်းသာ)ကျောင်းများသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍သွားရောက် ငှားရမ်းပေးခဲ့သည်။

ထို့သို့ စာအုပ်စာစောင်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ရသ စာအုပ်စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှား‌ရမ်းပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဇေယျာ (ပြန်/ဆက်)