ကသာမြို့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကျင်းပ

ကသာ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းဆင့်တွင် “အာဇာနည်နေ့မှသည် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ဆီသို့”၊ အလယ်တန်းဆင့်တွင် “အာဇာနည်နေ့နှင့် လူငယ်တို့၏တာဝန်”၊ မူလတန်းဆင့်တွင် “အလေးအမြတ်ဂုဏ်ပြုအပ် အာဇာနည်နေ့မြတ်” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲ၌ အထက်တန်းဆင့်တွင် “အာဇာနည်ဟုခေါ်သည်”၊ အလယ်တန်းဆင့်တွင် “မြင့်မြတ်တည်ကြည်အာဇာနည်”၊ မူလတန်းဆင့်တွင် “လေးမြတ်ဂုဏ်ရည်အာဇာနည်” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “အမျိုးသားရေးတာဝန်နှင့် အာဇာနည်စိတ်ဓါတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုတို့ကို ကသာမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရသည်။ ပြိုင်ပွဲများတွင် ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ၊ကျောင်းသား/ ကျောင်းသူများစုစုပေါင်း (၁၈၂) ဦးတို့ပါဝင် ယှဉ်ပြိုင်ကြပြီး ယမန်နှစ်ပြိုင်ပွဲထက် ကျောင်းသား/ ကျောင်းသူများ ပိုမို၍စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်လာကြကြောင်း သိရသည်။

ကျော်စွာထွန်း (ကသာ)