မအူပင် ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် ၈ နာရီမှစတင်၍ မြို့အတွင်းရှိ အသုပ်ဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များနှင့် ထမင်းဆိုင်များအား ကျန်းမာရေးအသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်ဦးဆောင်မှုဖြင့် မအူပင်မြို့ကမ်းနားဈေးရှိ ထမင်းဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များနှင့် စားသောက်ဆိုင်များ၊ တေဇလမ်းတစ်လျှောက်ရှိ အသုပ်ဆိုင်များတွင် ရောင်းချနေသောအစားအစာများ သန့်ရှင်းမှုရှိစေရေး၊ သက်တမ်းလွန်အစားအစာများ ရောင်းချမှုမရှိစေရေး၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး၊ အစားအသောက်များ ယင်နားမှုမရှိစေရေးနှင့်ပတ်သက်၍ စည်ပင်သာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့များပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)