ကန့်ဘလူခရိုင်ရုံး၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကန့်ဘလူ ဇူလိုင် ၁၀

ပြည်သူများ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ ပူးပေါင်းကာ ဆရာလူထုစိန်ဝင်းရေးသားသော “လူငယ်တွေကိုယုံပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖတ်ရှုဆွေးနွေးမည့် စာအုပ်နှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကိုဆက်လက်ကျင်းပရာ ဆရာလူထုစိန်ဝင်းရေးသားသော “လူငယ်တွေကိုယုံပါ”စာအုပ်မှ ပညာခေတ်နဲ့အမျိုးသမီးတို့ ကဏ္ဍ၊ လူငယ်နှင့်ပညာသည် စိတ်ဓာတ်စသည့်ခေါင်းစဥ်ပါ အကြောင်းအရာများကို စာပေ ချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များက ဖတ်ကြားခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံးအနေဖြင့် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင်၊ ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ ရသစာအုပ်စာစောင်များကို စာဖတ်သူပရိတ်သတ်များ အခမဲ့ငှားရမ်းဖတ်ရှုနိုင်ရေး စီစဥ်ဆောင်ရွက်ပေးခြင်း၊ အသိပညာပေး(Talk Show)ဆွေးနွေးပွဲအစီအစဥ်များကို လွှင့်တင်ပေးလျက်ရှိပြီး၊ ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်လာစေ​ရေးအတွက် ကဗျာရွတ်၊ ပုံပြင်ပြော၊ စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)