ကျုံပျော် ဇူလိုင် ၁၀
ကျောင်းသား၊ ကျောင်းသူများ အနာရောဂါကင်း၍ ကျန်းမာရေးကောင်းမွန်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် တေဇရပ်ကွက်၊ မြေရဲမြောက် အခြေခံပညာမူလတန်းကျောင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဌာနမှတာဝန်ရှိသူများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန် ယင်နားစာအပါအဝင် မသန့်ရှင်းသော အစားအစာစားသုံးခြင်းကို ရှောင်ကြဉ်ရန်၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုပြုရန်၊ ယင်လုံအိမ်သာသုံးစွဲရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ သောက်ရေသန့် (သို့မဟုတ်) ရေကိုကျိုချက်၍ သောက်ရန်၊ ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ပြသရန်တို့ကိုလည်းကောင်း၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ခြင်အန္တရာယ် သတိပြုရှောင်ရှားရန်နှင့် ရေစည်၊ ရေအိုးများ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပုံမှန်ဆောင်ရွက်ရန် စသည်တို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)