တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်များပြသပွဲ ပြုလုပ်

တနင်္သာရီ ဇူလိုင် ၁၀

၂၀၂၄ခုနှစ်၊ ဇူလိုင်လ၁၉ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမအတွင်း ယနေ့နံနက်၉နာရီအချိန်တွင်  ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများနှင့် Grade-8 နှင့် Grade-9 အတန်းတို့မှ ကျောင်းသူ/သားများ ၂၀၀ ကျော်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပထမဦးစွာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်အပေါင်းတို့အား အလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြပါသည်။

ဆက်လက်၍ အ.ထ.က-တနင်္သာရီ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်က ကျောင်းသူ/သား လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံရဲ့ နေ့ထူးနေ့မြတ်များကိုအလေးအနက်ထား အမြတ်တနိုးတန်ဖိုးထားတတ်၊ ဂုဏ်ယူတတ်စေရန်ရည်ရွယ်၍ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပေးပါသည်။

ထို့နောက် အထက်တန်းပြဆရာမ ဒေါ်ချိုနွယ်စိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် သူရဲကောင်းကိုးဦးအကြောင်းကို ပညာပေးဟောပြောပေးသည်။

ထို့နောက် အလယ်တန်းပြဆရာမ ဒေါ်မျိုးယဉ်ယဉ်အေးနှင့် အထက်တန်းပြဆရာမ ဒေါ်အေမီထွန်းတို့က အောက်မေ့လွမ်းဆွတ်ဖွယ် အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးတို့၏ အတ္ထုပတ္တိအကျဉ်းနှင့် အနှစ်ချုပ်ကို ပညာပေးဟောပြောပေးကြောင်း သိရသည်။

ထို့နောက် Grade-11 တန်း ဂီတအဖွဲ့မှ အာရှသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသီချင်းဖြင့် သံပြိုင်သီဆိုကြပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပညာရတနာကျောင်းခန်းအတွင်း ခင်းကျင်းပြသထားရှိသည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ ဗိုလ်ချုပ်၏မိန့်ခွန်းကောက်နှုတ်ချက်များနှင့် အာဇာနည်(၉)ဦးတို့၏ ဓါတ်ပုံနှင့် ကိုယ်ရေးအကျဉ်းများပါရှိသော ရွှေသာရီနံရံကပ်စာစောင်များကို ကျောင်းသူ/သားများက စိတ်ဝင်တစား လေ့လာမှတ်သားကြည့်ရှုကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)