ရှမ်းရွာသစ်မြို့တွင် ဆိတ်များဈေးနှုန်းကောင်းမှုကြောင့် ဒေသနေပြည်သူများ တိုးချဲ့မွေးမြူလာ

ရှမ်းရွာသစ် ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆိတ်များကိုလည်း တိုးချဲ့မွေးမြူလာကြောင်း သိရသည်။

ဆိတ်မများသည် ၁၃လမှ ၁၅လအတွင်း အရွယ်ရောက်ကြပြီး ပထမဆုံးဆိတ်ကလေးများ မွေးမြူရာတွင် တစ်ကောင်(သို့မဟုတ်)အမြွှာ မွေးတတ်ကြပြီး သုံးကောင်မွေးမှုမှာ နည်းပါးပါသည်။ ဆိတ်မများသား မွေးပြီးနောက် တစ်ကြိမ်သားပေါက်ရန် သားခြားကာလမှာခုနှစ်လမှ ရှစ်လအထိ ကြာမြင့်တတ်ကြောင်း၊ ဆိတ်မများတွင် ကိုယ်ဝန်ဆောင်ကာလ၏ နောက်ဆုံးလနှင့် ဆိတ်ကလေးမွေးပြီး တစ်လအထိ အားနည်းတတ်၍ ယင်းကာလများတွင် ဆိတ်များအား အစာကျွေးမွေးရာတွင်လည်းကောင်း၊ လွှတ်ကျောင်းရာတွင်လည်းကောင်း၊ ဂရုတစိုက်ကျွေးမွေးပြုစုစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ယခင်နှစ်များတွင် ဆိတ်များရောင်းဝယ်ရာတွင် ဈေးနည်းသော်လည်း ယခုနှစ်တွင် ဈေးကောင်းရရှိမှုနှင့် ဒေသနေပြည်သူများ ဝယ်လိုမှု များပြားသောကြောင့် ဆိတ်များ ပိုမိုတိုးချဲ့မွေးမြူလာကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် အရွယ်ရောက်ပြီး ဆိတ်တစ်ကောင်လျှင် ငွေကျပ်(၁၀၀၀၀၀)ရရှိပြီး ယခုနှစ်တွင် ငွေကျပ် (၁၈၀၀၀၀) ကျပ်ထိရရှိသဖြင့် မွေးမြူသူအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)