အုတ်တွင်း နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်တွင် ပန်းသစ္စာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝေလင်းကိုက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးရဲတပ်ဖွဲ့ဝင်အဖြစ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝေလင်းကို၊ မြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ကြည်၊ ဒု-မြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးဇော်ဝမ်းက အထူးရဲတပ်ဖွဲ့ဝင်များအား အသီးသီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အုတ်တွင်းမြို့နယ်တွင် မဲရုံပေါင်း (၁၅၃)ရှိပြီး၊ အုတ်တွင်း၌ မဲရုံ(၈၈)ရုံရှိရာ လုံခြုံရေး အထူးရဲတပ်ဖွဲ့ဝင်(၈၈)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်မာ(ပြန်/ဆက်)