လိပ်သို ဇူလိုင် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်း ကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာကြည့်တိုက်ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ် ဒေါ်နော်ဒိုနီးရှာက အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိအားလပ်ချိန်များတွင် စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချသင့်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ အသိပညာများ တိုးပွားရရှိစေရန် စာအုပ်စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း စသည်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အတ္ထုပ္ပတ္တိ၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ ဂုဏ်ပြုကဗျာများ၊ ဆောင်းပါးများ စသည့် အသိပညာပေး အကြောင်းအရာများ ပါရှိသည့် နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုအား ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)