ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၂) ကျောင်း ယာယီပိတ်ထားရ

ပွင့်ဖြူ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း (၂) ကျောင်းတွင် မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းကစပြီး ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများမှာ သံကိုင်းကျေးရွာအုပ်စုရှိ သံကိုင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းနှင့် ကျွဲတိကျေးရွာအုပ်စုရှိ ကူကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ဖြစ်ပြီး၊ ယင်းစာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေး စေရေးအတွက် မြစ်ရေ ပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေ ကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများ စာသင်ချိန် သင်ခန်းစာ နောက်မကျစေရေး ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များ အစားထိုး၍ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံက သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )