ရှမ်းရွာသစ် ဇူလိုင် ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်မုနော်ဂေတို့က ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ရှောင်ကြဉ်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဗဟုသုတ ရရှိစေရန်အတွက် ၁၉ရာစု နှောင်းပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးဟူသည်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးနှင့် ရုပ်ပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ရေး ကျောင်းသားလူငယ်များ လိုက်နာရမည့်အချက်များ၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားခြင်းနှင့် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား /သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)