လိပ်သို ဇူလိုင် ၁၀
သစ်တောသစ်ပင်များ အလွန်အကျွံခုတ်ခြင်းကြောင့် ရရှိလာသည့် ဆိုးကျိုးများ၊ နောက်ဆက်တွဲပြဿနာများအကြောင်းကို ဒေသနေပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများ သိရှိစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူသားများ၏ မဆင်မခြင်မှုကြောင့် ကမ္ဘာကြီးသည် အမှိုက်ပုံကြီးနှင့် တူနေကြောင်း၊ လေထု၊ ရေထု၊ မြေထုညစ်ညမ်းမှုများ မဖြစ်စေရန်အမှိုက်များကို စနစ်တကျစွန့်ပစ်သင့်ကြောင်းနှင့် ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုအား ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် သစ်တောသစ်ပင် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ မြေဩဇာ၊ ဓာတုပိုးသတ်ဆေး၊ ဆွေးမြေ့ရန်ခက်သော ပလတ်စတစ်အမှိုက်များ၏ မြေထုနှင့်ရေထုအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ လေထုညစ်ညမ်းမှု၏ဆိုးကျိုး စသည့် အသိပညာပေး အကြောင်းအရာများပါရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)