နတ်မောက် ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့သည် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံ အဓိကစိုက်ပျိုးသည့် မြို့နယ်ဖြစ်ကာ ဆီဖူလုံမှုရရှိပြီး ပြည်ပမှဆီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အဆိုပါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုနှင့် စိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသည့် နွေနှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းသဖြင့် စံကွက်များကို စတင်ရိတ်သိမ်းနေပြီဖြစ်ပြီး အထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ယခုနှစ်စိုက်ပျိုးရာသီ၌ နွေနှမ်း (၇၈၅) ဧကစိုက်ပျိုးခဲ့ပြီး နတ်မောက်တမံဆည်ရေသောက်စနစ်ဖြင့် နွေနှမ်း (၂၈၅) ဧက၊ ကျောက်တံခါး တမံဆည်ရေသောက်စနစ်ဖြင့် နွေနှမ်း (၄၉၈) ဧကနှင့် မြေအောက်ရေနှင့် နှစ်ဧက စိုက်ပျိုးထားကြောင်းသိရပြီး နွေနှမ်းများမှာ အထွက်နှုန်းကောင်းမွန်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
“နွေနှမ်းတွေအောင်မြင်ဖြစ်ထွန်းမှုအတွက် စံကွက်ရိတ်သိမ်းတဲ့အခါမှာ တစ်ဧကအထွက်နှုန်း (၂၁) ဒသမ (၂၂) တင်းနှုန်းခန့်ရရှိပါတယ်။ ဒါကြောင့်မို့ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာအုပ်စုရှိ တောင်သူ ဒေါ်အေးသန်းရဲ့စံကွက်မှာ စိုက်ပျိုးထားတဲ့နွေနှမ်းများဟာ အထူးအောင်မြင် ဖြစ်ထွန်းနေတာကို မြင်တွေ့ရပါတယ်။ အခုလိုအောင်မြင်ဖြစ်ထွန်းဖို့ ကျွန်မတို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ စတင်စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းချိန်အထိ အပင်ပြုစုမှု နည်းစနစ်တွေကို တောင်သူတွေကို လက်တွေ့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သလို တောင်သူတွေ အနေနဲ့ကလည်း စိုက်ပျိုးနည်းစနစ်တွေကို နည်းစနစ်တကျ လိုက်ပါလုပ်ဆောင်ကြတဲ့အတွက် အောင်မြင်ဖြစ်ထွန်းခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယခုနှစ်စိုက်ပျိုးရာသီတွင် နတ်မောက်မြို့နယ်၌ ဆီထွက်သီးနှံ အထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး မြို့နယ်ဆီထွက်သီးနှံ အထူးဇုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ဒေသခံ တောင်သူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိမ့်သိမ့်မိုး