အင်္ဂပူ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ဇောင်းတန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ဇောင်းတန်း)ကျောင်း အင်ကြင်းဆောင်ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတို့ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(ဇောင်းတန်း) ကျောင်းအုပ်ကြီး ဆရာဦးဝင်းဦးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံသူဆိုင်ရာ ဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းများကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့်အတူ G-11 မှမဝတ်ရည်ဖြိုးက လူငယ်နှင့်စာရိတ္တ ၊G-10 မှ မသဇင်ဦးက လူငယ်နှင့်လူမူကွန်ယက်၊ G-10 မှ မောင်တေဇကျော်မှ လူငယ်နှင့်စာပေ၊ G-9မှ မမြမြင့်မိုရ်က လူငယ်နှင့်မူးယစ်ဆေးစသည့် ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးပြောကြား ခဲ့သည်။
ထို့နောက်တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များပြသပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)