ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးများကျင်းပ

ပုသိမ် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄)ကို ယခုလ(၈)ရက်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့  တွဲဖက်အတွင်းရေးမှူးက စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ကုန်လုပ်ငန်းများအနေဖြင့် ဝင်ငွေခွန် ပေးဆောင်ထားရှိမှုများ၊ အခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရေး အခွန်ပညာပေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီး၊  မြို့နယ်အဆင့် အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့များကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ အဓိကဝင်ငွေ အရင်းအမြစ်များ တိုးတက်ရရှိရေးအတွက်ဖြစ်ပါကြောင်း၊  ဟိုတယ်များအနေဖြင့် သတ်မှတ်ထားသည့် အခွန်တံဆိပ်များ ကပ်နှိပ်ထားသော်လည်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခွန်စည်းကြပ်မှုများကိုလည်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ငွေများ လွတ်ကင်းမှုမရှိစေဘဲ အပြည့်အဝကောက်ခံရရှိရေးအတွက် တွန်းအားပေး ကြပ်မတ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့များအနေဖြင့် မိမိတို့ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ နှစ်အလိုက်ကောက်ခံရရှိသည့် ဝင်ငွေခွန်များကိုလည်း အပြည့်အဝရရှိရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေဖြင့်လည်း မိမိတို့တာဝန်ယူထားသည့် လုပ်ငန်းများကို ကြပ်မတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများ ရရှိစေရန်အတွက် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” မှာကြားခဲ့ပြီး  လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးက ဆန်ရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူရောင်းချနိုင်ရေးနှင့် MYRO မှတ်ပုံတင်ပြီးစီးမှု၊ ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွက် မြန်မာနိုင်ငံဆန်စပါးအသင်း၏ ထုတ်ပြန်ချက်၊ ၂၀၂၃-၂၀၂၄ မိုးစပါးဝယ်ဈေးနှင့် ဆက်စပ်သည့် ဆန်တစ်အိတ်ရောင်းဈေးနှင့် MRF ၏ ဇူလိုင်လ သင့်တင့်မျှတဈေးနှုန်း နှိုင်းယှဉ်ချက်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်၊ ဆန်သိုလှောင်ရုံများ MYRO တွင် မှတ်ပုံတင်ထားရှိမှု အခြေအနေများနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဆန်ဈေးနှုန်းနှင့်ပတ်သက်၍ တစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်၊ အမြတ်ရရှိမှုအပေါ် သုံးသပ်တွက်ချက်ရမည်ဖြစ်ပါကြောင်း၊ စပါးအထွက်နှုန်းနည်းပြီး စိုက်ပျိုးစရိတ်ကြီးမြင့်ပါက အမြတ်နည်းမည်ဖြစ်ပါကြောင်း၊ ဆန်ဈေးနှုန်းသာမက အခြားစားသောက်ကုန်ပစ္စည်းများကိုလည်း တည်ငြိမ်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှ ထွက်ရှိသည့် ဆန်များသည်လည်း သင့်တင့်မျှတသည့်ဈေးနှုန်းဖြစ်ရန် လိုပါကြောင်းနှင့် ဆန်လက်ကျန်စာရင်းကိုလည်း နေ့စဉ်တင်ပြဆောင်ရွက်ရန် လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လက်ရှိဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းနှင့်ပတ်သက်၍ တာဝန်ရှိသူ အဆင့်ဆင့်ကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း” မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေး စီမံချက်တင်ပြခြင်း အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဦးစီးမှူးက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိမှုများနှင့် အဆင့်ရပ်တည်မှုများ၊ အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးမှ အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ အောင်မြင်မှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် လူရွေးချယ်မှုများ စနစ်တကျဖြစ်ရန်လိုအပ်ပါကြောင်း၊  ထူးချွန်အားကစားသမားများရွေးချယ်ပြီး စောစီးစွာကြိုတင်စခန်းသွင်းလေ့ကျင့်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဖွဲ့လိုက်ယှဉ်ပြိုင်ရမည့် အားကစားနည်းများတွင် ဖိတ်ခေါ်ပြိုင်ပွဲများပြုလုပ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပဉ္စအကြိမ်အမျိုးသား အားကစားပွဲတော်တွင် တိုင်းဒေသကြီးမှ အောင်မြင်မှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုပါကြောင်း” မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)