မုံရွာ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်းလျက် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်း နိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေဖြစ်ထွန်းစေရန်၊ ကောင်းမွန်မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်နှင့် အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ရုံးဝန်းအတွင်း၌ ကျင်းပသည်။ ဦးစွာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ စိုက်ပျိုးမည့် ပျိုးပင်များကို အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့က ရတနာတန်းဝင် ကျွန်းပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများရှိ အရာထမ်းအမှုထမ်းများ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ၊ ဥပဒေအထောက်အကူပြုရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မုံရွာခရိုင်ရှေ့နေများအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၂)သတ္တုတွင်း၊ မြန်မာ့သစ်လုပ်ငန်းဌာနမှ တိုင်းအဆင့်ဌာနဆိုင်ရာများက သတ်မှတ်နေရာများ၌ ကျွန်းပင်နှင့် အခြားသစ်မာမျိုးစုံများ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေး ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်အနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင်နှင့် အခြားသစ်မာမျိုးစုံ စုစုပေါင်း (၈၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)