ငရုတ်ကောင်းမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ငရုတ်ကောင်း ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက(အ.ထ.က) ငရုတ်ကောင်းကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးဇော်ဦးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က  ကျောင်းသား၊ ကျောင်းသူများအား     အာဇာနည်နေ့ ဖြစ်ပေါ်လာပုံကို အကျယ်တဝင့် ဟောပြောခြင်းအပြင် ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ အာဇာနည်နေ့ အထိမ်းအမှတ်တို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့် အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့‌ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)