စစ်ကိုင်း ဇူလိုင် ၁၀
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ရေသယံဇာတအကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ် သည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဏ္ဏဝါစွန့်ပစ်ပစ္စည်းဆိုသည်မှာ၊ မြစ်ချောင်းများညစ်ညမ်းမှုနှင့် ပလတ်စတစ်အသုံးပြုမှု၊ ရေထုညစ်ညမ်း မှုအမျိုးအစားများ၊ မြစ်ချောင်းများအတွင်းသို့ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်း၊ မြစ်ချောင်များအတွင်း အမှိုက်များစွန့်ပစ်ခြင်း၏သက်ရောက်မှုများ၊ အဏ္ဏဝါနှင့်မြစ်ချောင်များ ညစ်ညမ်းမှုကာကွယ်တားဆီးရေးစသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပေးသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများက မရှင်းလင်းသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးပြီး ရေသယံဇာတ အကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်