မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ရေပြင်ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနား တက်ရောက်

မကွေး ဇူလိုင် ၁၀

ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များသည်  ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသည့်စကားနှင့်အညီ ကြိုတင်လေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးမြို့၊ ကမ်းနားလမ်း We Love Magway ညဈေးတန်းအနီး၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊  မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေး အန္တရာယ်များ နှစ်စဉ်ပိုမိုဖြစ်ပွား ကြုံတွေ့ရလျက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏလည်း ပိုမိုများပြား လာတာကိုတွေ့ရကြောင်း၊ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပထဝီ အနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြို ဘေး၊ မိုးခေါင် ရေရှားဘေး အစရှိတဲ့ ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း၊ ဒါအပြင် အခြားသော ဓာတုပစ္စည်း၊ ဇီဝပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်းများရဲ့ အန္တရာယ်များလည်း ဖြစ်ပွားလာတာကို တွေ့ကြရမှာဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ အနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက် တာဝန်(၄)ရပ်ကို ဆောင်ရွက်လျက်ရှိရာ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရမှာ ဖြစ်သည့်အတွက် ယခုလိုသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ဆောင်ရွက်ရတာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် မီးသတ်တပ်ဖွဲ့အတွက် လိုအပ်သော မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာတွေကို နှစ်စဉ်ဝယ်ယူဖြည့်တင်းပေးလျက်ရှိကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရေကြီးရေလျှံမှု ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုမဖြစ်စေရေး ရှာဖွေကယ်ဆယ်ရေးနဲ့ ကယ်ဆယ်ရွေ့ထုတ်လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အမြဲအသင့်အနေအထားရှိနေဖို့ လိုအပ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ အနေဖြင့် မြစ်ရေမြင့်တက်မှု အခြေ အနေနှင့် ပတ်သက်ပြီး ပြည်သူများကို အသိပညာပေးခြင်း၊ သတိပေးခြင်း၊ ရေဘေးဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးအင်အားစုများ၊ စက်လှေ၊ ရေယာဉ်များ၊ ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းကိရိယာများကို မြို့နယ်အလိုက် အသင့်စုဖွဲ့ထားလျက်ရှိသည်ကို သိရှိရကြောင်း၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်ဖို့၊ အမြဲအသင့်ဖြစ်နေဖို့နဲ့ မိုးဦးကာလနှင့် မိုးနှောင်းကာလများအတွင်း ဖြစ်ပေါ်တတ်သည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေကြီးမှုဘေးအန္တရာယ်များအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များအား အသင့်လေ့ကျင့်ပြင်ဆင်ထားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှု အစီအစဉ် ဆောင်ရွက်ရာ ဧရာဝတီမြစ်အတွင်း မြေနုကျွန်းပေါ်ရှိ ရေဘေးသင့်ပြည်သူများကို Assault Boat များအသုံးပြု၍ ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းမှု သရုပ်ပြသခြင်း၊ Intellienge Lifebuoy များ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု သရုပ်ပြသခြင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်မီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ(၃)သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ