နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မအူပင်)တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

မအူပင် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(မအူပင်)တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် အမှတ်(၈၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးမိုးမြင့်ကိုမှ ယာဉ်မောင်းသူများ လိုက်နာရမည့်စည်းကမ်းချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ ယာဉ်တိုက်မှုလျော့နည်းကျဆင်းပပျောက်စေရေး ကိစ္စရပ်များနှင့် ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ် ဆောင်ရန်အချက်များအားရှင်းလင်းဟောပြောရာ တက်ရောက်လာသူများမှ သိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မအူပင်)မှ ကျောင်းအုပ်ဆရာကြီးဦးဌေးရယ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)