ဝါးခယ်မ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း ဒေါ်ပိုက်မိခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ သင်ကြားသူဆရာ၊ ဆရာမများ (၂) ထပ်ကွမ်း၊ (၁) ထပ်ကွမ်းလူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားကို အ.ထ.က (၁)ကျောင်းသား၊ ကျောင်းသူဘင်ခရာအဖွဲ့၏ "မြန်မာ့ကျောင်း" သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခြင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန္တာအောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးနှင့် မိဘဆရာအသင်းဥက္ကဋ္ဌတို့မှ အမှာစကားပြောကြားခြင်း၊ (၂) ထပ်ကွမ်း၊ (၁) ထပ်ကွမ်းလူရည်ချွန်များ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင်သင်းကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန္တာအောင်၊ ဌာနဆိုင်ရာများ၊ မိဘဆရာအသင်းဥက္ကဋ္ဌနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ဝါးခယ်မမြို့နယ်အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)