ထန်းတပင် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က သီရိဟေမာရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးအဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ မိုးတွင်းကာလကလေးငယ်များတွင် ဖြစ်ပွားသည့်သွေးလွန် တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ ဝမ်းပျက် ဝမ်းလျှောရောဂါများအကြောင်းကို ပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ သန်ကျဆေးတိုက်ကျွေးခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေများကို မူလတန်းရှိ ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး (KG) တန်းရှိ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဦးစီးဌာနမှ သွားတိုက်တံများဝေငှပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)