ဘားအံတက္ကသိုလ်(၂၁)နှစ်ပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

ဘားအံ ဇူလိုင် ၉

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တည်ထောင်ခြင်း(၂၁)နှစ်ပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

သုတေသနစာတမ်းဖတ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သုတေသနရလဒ်များကို စာတမ်းများရေးသားပြီး စာတမ်းဖတ်ပွဲများတွင်ဖတ်ကြားခြင်းဖြင့် မိမိလေ့လာထားသည်များကို မျှဝေပေးနိုင်သည့်အပြင် တစ်ဦးနှင့်တစ်ဦး အပြုသဘောဆွေးနွေးခြင်းဖြင့်လည်း အသိပညာဖလှယ်ခွင့်ရရှိကာ ဘာသာရပ်နယ်ပယ်ကို ပိုမိုတိုးတက်စေမည်ဖြစ်ကြောင်း၊ လူမှုအသိုက်အဝန်း၏ လိုအပ်ချက်၊ ဒေသ၏ လိုအပ်ချက်၊ နိုင်ငံတော်အတွက် အရေးကြီးလိုအပ်ချက်များကို အထောက်အကူပြုမည့် သုတေသနများကို ဦးစားပေးဆောင်ရွက်ရန်သာမက နိုင်ငံတကာအဆင့်အတန်းမီ သုတေသနလုပ်ငန်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သုတေသနစာတမ်းဖတ်ကြားကြမည့် ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ သရုပ်ပြ၊ နည်းပြစုစုပေါင်း ၃၅ ဦးအတွက် ငွေကျပ် (၁၇)သိန်း (၅)သောင်းကို ချီးမြှင့်ပေးအပ်ပြီး ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက သုတေသနစာတမ်းဖတ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သုတေသနစာတမ်းဖတ်ပွဲကျင်းပရေး ကော်မတီ(သိပ္ပံဘာသာရပ်)နှင့် (ဝိဇ္ဇာဘာသာရပ်)အတွင်းရေးမှူးတို့က ဖတ်ကြားမည့် စာတမ်းခေါင်းစဉ်များကို ဖတ်ကြားတင်ပြကြသည်။

ယင်းနောက် ဘားအံတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက ငွေလညတိုင်းသာနေသည် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စာတမ်းဖတ် ကြားကြမည့်သူများနှင့်စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသော ဘာသာရပ်ပေါင်းစုံမှကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ယနေ့စာတမ်းဖတ်ပွဲတွင် ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊  တွဲဘက်ပါမောက္ခ၊ ကထိက၊ နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမများက နေရာ(၃) နေရာခွဲ၍ သိပ္ပံဘာသာရပ် စာတမ်း(၂၁)စောင်၊ ဝိဇ္ဇာဘာသာရပ်စာတမ်း(၁၄)စောင် စုစုပေါင်းစာတမ်း(၃၅)စောင်ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)