လိပ်သို ဇူလိုင် ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဆရာကြီးရွှေဥဒေါင်းရေးသားသော “ အာဟာရနှင့်ကျန်းမာရေး ” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို မျှဝေဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းဖြင့် လူသားတို့၏ အတွေးအခေါ်၊ အသိပညာ၊ အမှားအမှန်၊ ဆင်ခြင်တုံတရားများ မြင့်မားလာကြမည်ဖြစ်ကြောင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆရာကြီး ရွှေဥဒေါင်းရေးသားသော အာဟာရနှင့်ကျန်းမာရေး စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်နီလာစိုးက “ ရောဂါဆိုသည်မှာဘာလဲ” ခေါင်းစဉ်မှ “ ကျန်းမာခြင်းသည် အကြီးဆုံးသော လာဘ်တစ်ပါးဖြစ်ရကား စီးပွားဥစ္စာရှာမှီးခြင်းထက် တစ်သက်ပတ်လုံး ကျန်းမာချမ်းသာမှုကို ပိုမိုလေးစားပြုထိုက်သင့်ကြောင်း၊ ရောဂါဟူသည် အညစ်အကြေးများ စုပုံနေမှုပင်ဖြစ်၍ ထိုအညစ်အကြေးများ စုပုံမှုကို ကာကွယ်နိုင်ခဲ့လျှင် ရောဂါဖြစ်ပေါ်ရခြင်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း” စသည်ဖြင့် ဆွေးနွေးခဲ့ကြရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက် စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲတွင် ခင်းကျင်းပြသထားသော ဂျာနယ်၊ ကဗျာ၊ ပုံပြင်၊ ဆောင်းပါးနှင့် ရုပ်ပြများ စသည့် သုတ/ရသစာအုပ်များကို Book Club အဖွဲ့ဝင်များနှင့် ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)