ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာ၌ မိုးရာသီကာလဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဒေးဒရဲ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မြို့ပေါ်၊ ရပ်ကွက်များနှင့် ကျေးရွာများသို့ကွင်းဆင်း၍ ပြည်သူများမိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများကို သိရှိလိုက်နာနိုင်စေရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ထောက်ပံ့များပစ္စည်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက ချောင်းဖျားကျေးရွာ ဗောဓာရာမဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ဖျာပုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးက ကျေးရွာသူ၊ ကျေးရွာသားများအား ကူးစက်ရောဂါများ ကင်းဝေးစေရေးနှင့် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကျေးရွာများအရောက် အသိပညာပေး ဟောပြောပွဲများ ကျင်ပပေးလျက်ရှိသည့်လုပ်ငန်းများကို ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားနိုင်သည့် အခြေအနေများနှင့် ရောဂါလက္ခဏာများ အသိပညာပေးဟောပြောခြင်းနှင့် ကျေးလက်ကျန်းမာရေးဌာန သားဖွားဆရာမဒေါ်သူဇာလှိုင်က ရောဂါပိုးကူးစက်နိုင်သည့် နည်းလမ်းများ၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများနှင့် အခြေခံလက်ဆေးနည်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်စေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများအား ဖျာပုံခရိုင်၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများပါ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း