ကြံခင်းမြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ် ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ကြံခင်း ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အ.မ.က(ရွှေတောင်စု)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်သူနာပြုအဆင့်(၁) ဦးအေးနိုင်၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဝင်းဝင်းကြည့်နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အလေးချိန် (ပေါင်ချိန်)ပေးခြင်း၊ အရပ်တိုင်းခြင်းနှင့် ကျန်းမာရေးလိုအပ်ချက်များကို စစ်ဆေးပေးခြင်းကိုဆောင်ရွက်ကြသည်။ ထို့နောက် အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ရာ မြို့နယ်သူနာပြုအဆင့်(၁) ဦးအေးနိုင်နှင့် အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဝင်းဝင်းကြည်တို့က ယခုလတ်တလော ဖြစ်ပေါ်နေသည့် ဝမ်းပျက်ဝမ်းလျှောအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးနည်း၊ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးခြင်းများကို ဟောပြောခဲ့ကြသည်။

အလားတူ အမှတ်(၁)ရပ်ကွက်၊ အမက(ကျုံးစု)ကျောင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)