ဇလွန်မြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဇလွန် ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားမှုများနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အ.ထ.က(၁)ဇလွန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် ဒု-မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းဇော်က အ.ထ.က(၁)ဇလွန် ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေသော ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစာများ စားသောက်မိရာမှတစ်ဆင့် ကူးစက် ဖြစ်ပွားတက်သော ရောဂါဖြစ်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများနှင့်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အစားမစားမီနှင့် အစားအစာမပြင်ဆင်မီ အညစ်အကြေးနှင့်အမှိုက်များ ကိုင်တွယ်ပြီးချိန်တိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ စနစ်တကျ ဆေးကြောရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရန်၊ ရေကိုကြိုချက်၍ သောက်သုံးရန်၊ ခြင်ယင်တို့ မပေါက်ပွားစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ရန်စသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် ဒုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စာသင်​ကျောင်းများရှိ မုန့်​စျေးတန်း၊ Street Food​ စျေးတန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)