ကသာမြို့၌ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်

ကသာ ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဧရာဝတီမြစ်နှင့်နီးစပ်သော မြေနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများမှ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းတို့ကို ယနေ့နံနက်(၉)နာရီအချိန်က မဟာလေးထပ်ကျောင်း ဇရပ်နှင့် ရပ်ကွက်(၃) ဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့သည်။

ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်‌ရေအမှတ်(၁၀၄၀)စင်တီမီတာအထက် ကျော်လွန်ရောက်ရှိခဲ့သည့်အတွက် ဧရာဝတီမြစ်နှင့်နီးစပ်သော မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့်  ရပ်ကွက်/ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးရဲထွန်း၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၁၂၈)စု၊ လူဦးရေ(၆၀၈)ဦး တို့အား(၁)ဦးလျှင် ဆန်ရိက္ခာဖိုး(၄၂၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၅၅၃၆၀၀)ကျပ်ကို သွားရောက် ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

ဧရာဝတီမြစ်နှင့်နီးစပ်သော မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကသာခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာစိုးသူအန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။                

ကျော်စွာ(ကသာ)