ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပဲခူးတိုင်း(အရှေ့ခြမ်း)သို့ လက်ဆွဲကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်

ပဲခူး ဇူလိုင်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပဲခူးတိုင်း(အရှေ့ခြမ်း)သို့ လက်ဆွဲကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် အမျိုးသားရေးရည်မှန်း ချက်()ရပ်ဖြစ်သည့်တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့ GDP တိုးတက်ရေး၊ စားရေရိက္ခာပေါများရေးတို့အတွက် ကဏ္ဍအသီးသီးမှာရှိသည့် လုပ်ငန်းများအလိုက် ပိုမိုတိုးမြှင့်ထုတ်လုပ်ပြီး အောင်မြင်အောင်ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါအဝင် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးဆောင်ရွက်ရာတွင် မြေဧရိယာတိုးချဲ့စိုက်ပျိုးခြင်းထက် ပိုမိုလက်တွေ့ကျသည့် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း စပါးအများဆုံးစိုက်ပျိုးသည့် မိုးရာသီတွင် မိုးစပါးစုစုပေါင်းစိုက်ဧက(၂၆.၉၈)သိန်းကျော် စိုက်ပျိုးခဲ့ရာ စိုက်ပျိုးဧရိယာ၏ (၄၃.၂၃) ရာခိုင်နှုန်းကျော်သည် ပန်းတိုင်အထွက်နှုန်းရရှိထားခဲ့ပြီးဖြစ်ကာ ယခုလာမည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေတော်မိုးတော်မိုးစပါးစိုက်ဧကများမှ ပန်းတိုင်အထွက်နှုန်း(၁၇.)သိန်းကျော် တိုးတက်ရရှိနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသဖြင့် ယခုလို လက်ဆွဲကောက်စိုက်စက်များ ဖြန့်ဝေးပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့ထံသို့ လက်ဆွဲကောက်စိုက်စက်(၅၂)စီးအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက လက်ဆွဲကောက်စိုက်စက် အသုံးပြုစိုက်ပျိုးရာတွင် လိုအပ်သည့် ပျိုးထောင်နည်းစနစ်၊ သမန်းပြုပြင်ခြင်း၊ ရေသွင်း/ရေထုတ် မှန်ကန်စွာ ဆောင်ရွက်သွားရမည့် သိကောင်းစရာများအားလည်းကောင်း၊ လက်ဆွဲကောက်စိုက်စက်ထုတ်လုပ်သည့် Agro Future Mynamar Co., Ltd မှ တာဝန်ခံ ဦးသိန်းထိုက်လင်းက လက်ဆွဲကောက်စိုက်စက်အသုံးပြုခြင်း၏ ရရှိနိုင်သည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ တက်ရောက်လာသည့် ဒေသခံပြည်သူများနှင့်အတူ လက်ဆွဲကောက်စိုက်စက်များနှင့် Agro Future Mynamar Co., Ltd မှ ထပ်မံထုတ်လုပ်ထားသည့် ပဲအမျိုးမျိုးဆေးဖြန်းစက်(Boom Sprayer)နှင့် ဘက်စုံသုံးမျိုးစေ့ချစက်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)