အုတ်ဖိုမြို့၌ ကျောင်းကျန်းမာရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်

အုတ်ဖို ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အ.ထ.က အုတ်ဖိုတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းက ကျောင်းကျန်းမာရေးဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်နှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေါက်တာပြည်မိုးအောင်က သွားကျန်းမာရေးနှင့်စနစ် မှန်သွားတိုက်နည်းအကြောင်းရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ မျက်စိအမြင်အာရုံ စစ်ဆေးပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေး ကုသပေး ခြင်း၊ လက်ဆေးနည်းသရုပ်ပြ၍ စုပေါင်းလုပ်ဆောင်ကြခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် သရုပ်ပြခြင်း၊ စနစ်မှန်သွားတိုက်နည်း လက်တွေ့သရုပ်ပြခြင်းနှင့် စုပေါင်းသွားတိုက်ကြခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)