ပြည် ဇူလိုင် ၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပြည်တက္ကသိုလ်၌ ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟော ပြောပွဲကျင်းပရာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများ၊ ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်သည်။
ဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က "မူးယစ်ဆေးဝါးအန္တရာယ်ဟာ နိုင်ငံရဲ့ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေအပေါ်မှာ အဓိကခြိမ်းခြောက်နေတာကို သိရှိဖို့လိုအပ်ကြောင်း၊၊ အခြေခံပညာအရွယ်ကနေစပြီး မူးယစ်ဆေးဝါးဟာ လူ့စွမ်းအားကိုပျက်စီးတတ်ကြောင်း၊ လူငယ်တစ်ဦး၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တဘောဂဆိုတဲ့ ဗလငါးတန်ကို ဖျက်ဆီးတတ်သည်ကို သိဖို့လိုအပ်ကြောင်း၊ ယနေ့ခေတ်ထွက်ပေါ်လာတဲ့ မူးယစ်ဆေးဝါးအသစ်တွေရဲ့အာနိသင်ဟာ ယခင်ခေတ်က ဘိန်းဖြူ၊ မော်ဖင်းစတာတွေထက် အဆပေါင်းများစွာပိုမိုပြင်းထန်လာသလို ထုတ်လုပ်ရာမှာလည်းလွယ်ကူလာပါကြောင်း၊ နှိမ်နင်းဖို့လည်း ခက်ခဲလာကြောင်း၊ ထိုသို့မူးယစ်ဆေးဝါးအသစ်တွေဟာ ပိုပြီးပြင်းထန်လာတဲ့အလျောက် အသက်အန္တရာယ်နဲ့လည်း အလွန့်အလွန်နီးကပ်လာတာကို လူငယ်တွေသိရှိနိုင်စေဖို့နှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ရှားနိုင်စေဖို့ရည်ရွယ်ပြီး ယနေ့အသိပညာပေးဟောပြောပွဲကို ကျင်းပခြင်းဖြစ်ကြောင်း" အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ အမှတ်(၃၇) မူးယစ်တပ်ဖွဲ့စု(ပြည်)မှ ဒုတိယတပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်လင်းထက်က မူးယစ်ဆေးဝါးသမိုင်းကြောင်းနှင့်ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေးပြားများ အကြောင်းအပါအဝင် မူးယစ်ဆေးဝါးအမျိုးမျိုး၏ ဆိုးကျိုးများအန္တရာယ်အကြောင်းနှင့် မူးယစ်ဆေးဝါးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက် ပျက်စီးဆုံးရှုံးမှုများ အကြောင်းကို ပါဝါပွိုင့်များဖြင့် အကျယ်တဝင့်အသိပညာပေးဟောပြောဆွေးနွေးသည်။
ယင်းနောက်ဟောပြောဆွေးချက်များအပေါ် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို စိတ်ဝင်တစားပြန်လည်မေးမြန်းဆွေးနွေး ကြပြီး ပြည်တက္ကသိုလ်ပါမောက္ခချုပ်က ဟောပြောဆွေးနွေးပေးသော ဒုရဲမှူးအား ကျေးဇူးတင်ကြောင်းပြောကြားကာ အမှတ် တရလက်ဆောင် ပစ္စည်းပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)