ဟင်္သာတ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ သင်္ဃန်းတောကျေးရွာနေတောင်သူ ဒေါ်အေးငြိမ်း၏ကွင်းအမှတ်(၁၂၄၅)၊ ဦးပိုင်အမှတ်(၂၄/ ၁)ရှိ လယ်မြေ (၅ .၀၀)ဧကတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်နည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ဟင်္သာတမြို့အမှတ် (၁၅)စက်မှုလယ်ယာစခန်းမှ ကူဘိုတာ အမျိုးအစား (၆)တန်းသွား ကောက်စိုက်စက်ဖြင့် “ဆင်းသုခ” အမျိုးအစားမိုးစပါးပျိုးပင်များအား လက်တွေ့ သရုပ်ပြစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ အခမ်းအနားသို့ တက်ရောက်လာသူများမှ လေ့လာကြည့်ရှုခဲ့ကြပြီး ဒေသခံတောင်သူများမှ သိရှိလိုသည်များအားမေးမြန်းခဲ့ရာ ဟင်္သာတခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)