အိမ်မဲ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများကပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင် ဦးဆောင် ၍ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်း၍ မြို့မစျေးကြီး၊ ပျံကျစျေး၊ သင်္ဘောဆိပ်တို့တွင် ရောင်းချနေသော အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိအောင် ရောင်းချရန်နှင့် ခြင်၊ ယင်များမနားစေရန်၊ လတ်ဆတ်သော အစားအသောက်များသာရောင်းချရန်၊ သန့်ရှင်းသော ရေကိုသောက်သုံးရန်၊ အစားအစားများ ရောင်းချရာ၌ ဇကာများ၊ ပိတ်စိမ်းစများအုပ်ဆိုင်း၍ ရောင်းချရန်တို့ကို အကျယ်တဝင့်အသိပညာပေး ဟောပြောပြီး၊ အသိပညာပေးလက်ကမ်းစာစောင်းများကို ဖြန့်ဝေပေးခဲ့ကြသည်။
ထိုကဲ့သို့အသိပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များဖြင့် လူစည်ကားရာနေရာများတွင် အသံချဲ့စက်ဖြင့် အသိပညာပေးခြင်း၊ ဟောပြောပွဲများ ဆောင်ရွက်ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ချစ်သက်လယ် (အိမ်မဲ)