ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မင်းတပ်  နိုဝင်ဘာ ၁၆ 

မင်းတပ်မြို့တွင် Stay at Home သတ်မှတ်ထားသောဒေသမှ တရားမဝင်လာရောက်သူများနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က ယခုကာလအတွင်း မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာတွေ့ရှိမှု ပိုမိုများပြားလာသည်နှင့်အမျှ မြို့ဝင်မြို့ထွက် ဂိတ်များကို ပိုမိုကြပ်မတ် ဆောင်ရွက်ရန် လိုအပ်လာကြောင်း၊ Stay at Home သတ်မှတ်ထားသောမြို့များမှ တရားမဝင်ဝင်ရောက် လာမှုများအပေါ် ထိတွေ့ဆက်စပ်မိသူများကို Facility Quarantine  ထားရှိမှု အခြေအနေများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်ပတ်သက်မှု မရှိစေရေးတို့ကို သက်ဆိုင်ရာ ဌာနအကြီးအကဲတို့မှ အသိပေးဆောင်ရွက် သွားကြရန်၊ မိမိတို့တာဝန်ချိန်အတွင်း တရားမဝင်ဝင်ရောက်မှုများရှိပါက  အဆိုပါဝန်ထမ်းများအား နိုင်ငံဝန်ထမ်းဥပဒေဖြင့် အဆင့်ဆင့် အရေးယူဆောင်ရွက်မှု များပြုလုပ်သွားရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဘင်နီဖိုင်းက တရားမဝင် ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး တာဝန်ကျဝန်ထမ်းများအား စုံစမ်းစစ်ဆေး၍ အရေးယူဆောင်ရွက်ရန် အထက်အဆင့်ဆင့် သို့တင်ပြထားမှု အခြေအနေတို့ကို တင်ပြဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်က ပိုးတွေ့လူနာများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နောက်ဆုံးညွှန်ကြားချက်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းနှင့် ဌာနဆိုင်ရာများက လိုအပ်ချက်များကို အသီးသီးဆွေးနွေးကြရာ ခရိုင်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်