ရှမ်းရွာသစ် ဇူလိုင် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိရန်အတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေး၊ ကျောင်းအုပ်ဆရာကြီး ဦးရာဇာအောင်နှင့် မူလတန်းပြဆရာမ ဒေါ်သင်းသင်းမော်တို့က ပြင်းထန်ဝမ်းပျက်လျှောရောဂါလက္ခဏာများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါမဖြစ်ပွားအောင် ကြိုတင်လိုက်နာရမည့်အချက်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ သိကောင်းစရာများကို စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးနံရံကပ်စာစောင်များနှင့် ကျန်းမာရေးဆိုင်ရာသိကောင်းစရာများ ပါဝင်သော နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူ (၈၇)ဦးတို့က စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)