ဖျာပုံမြို့၌ မိုးရာသီကာလဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ဖျာပုံ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိကျောင်းများတွင် ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျောင်းကျန်းမာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများကို သိရှိလိုက်နာနိုင်စေရန် ဇူလိုင်လ (၉) ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အ.မ.က (၄) ကျောင်းခန်းမ၌ တာဝန်ရှိသူများ အသိပညာပေးဟောပြောကြသည်။

အဆိုပါ မိုးရာသီကာလ ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ရာတွင် ဖျာပုံမြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊မြို့နယ်တာဝန်ခံဦးမင်းဇော်က ကျောင်းသား၊ ကျောင်းသူများအား စားသုံးရန်မသင့်သော အစားအစာများအကြောင်း အသိပညာပေးဟောပြောပြီး၊ ဖျာပုံပြည်သူ့ဆေးရုံးကြီးမှ ဒေါက်တာကံထူးကသွားနှင့်ခံတွင်းကျန်းမာရေး ဆိုင်ရာများအားလည်းကောင်း၊ ဖျာပုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ နော်ဆာဝါးကြည်က ကျောင်းသား၊ ကျောင်းသူများ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်သည့် အခြေအနေများ၊ ရောဂါပိုးကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများ ဖြစ်သောယင်နားစာအပါအဝင် မသန့်ရှင်းသော အစားအစာစားသုံးခြင်းကို ရှောင်ကြဥ်ရန်၊ သောက်ရေသန့် သိုမဟုတ် ရေကိုကျိုချက်၍ သောက်ရန်၊ လက်သန့်စင်ရေးနှင့်တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရန်၊ ယင်လုံအိမ်သာသုံးစွဲရေး၊အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် စသောဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းကို အသေးစိတ်ရှင်းလင်းဟောပြောသည်။ ထို့နောက် ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက အ.မ.က (၄) ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးကြသည်။ ဆက်လက်၍ ကျောင်းကျန်းမာရေးအဖွဲ့ မှကျောင်းမုန့်စျေးတန်းတွင် ရောင်းချလျက်ရှိသော စျေးဆိုင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ခရိုင် (ပြန်/ဆက်)