ပြည်တက္ကသိုလ်၌ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး သန်ချဆေး‌ပေါင်း တိုက်ကျွေး

ပြည် ဇူလိုင် 

ပြည်တက္ကသိုလ်၊ သီရေတာခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်တက္ကသိုလ်မှ ဝန်ထမ်းများနှင့်မိသားစုဝင်များအား ပြည်ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများအဖွဲ့က ဆင်ခြေထောက်ရောဂါကာကွယ်ဆေး သန်ချဆေးပေါင်း လာရောက်တိုက်ကျွေးဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ဆောင်ရွက်ရာသို့ ပြည်တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်တက္ကသိုလ်မှ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်စုစုပေါင်း ၂၇၃ ဦးကို ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးတိုက်ကျွေးရာတွင် အသက်အရွယ်အုပ်စုအလိုက် တိုက်ကျွေးပေးခြင်းဖြစ်ပြီး အသက် ၂ နှစ်မှ ၅ နှစ်အထိအား ၄၀၀မီလီဂရမ် Albendazole ဆေးပြား ၁ပြားနှင့် ၁၀၀ မီလီဂရမ် DEC ဆေးပြား ၁ပြား၊ ၆နှစ် မှ ၁၄နှစ်အထိအား Albendazole ဆေးပြား ၁ပြားနှင့် ၁၀၀မီလီဂရမ် DEC ဆေးပြား ၂ပြား၊ ၁၅နှစ်နှင့် အထက်အရွယ်အား Albendazole ဆေးပြား ၁ပြားနှင့် ၁၀၀မီလီဂရမ် DEC ဆေးပြား ၃ပြားစီ တိုက်ကျွေးပေးခြင်းဖြစ်ကာ အစာစားပြီးချိန်နှင့် ညအိပ်ရာဝင်ချိန်သောက်လျှင် အကောင်းဆုံးဖြစ်ကြောင်းသိရသည်။

အဆိုပါဆေးသောက်သုံးခြင်းဖြင့် ဆင်ခြေထောက်ရောဂါ ကင်းဝေးမည်ဖြစ်ပြီး ရောဂါပိုးရှိပါက ရောဂါပိုဆိုးမလာအောင် တားဆီးနိုင်မည်ဖြစ်ကာ အခြားသူများကိုလည်းမကူးစက်နိုင်တော့ကြောင်းနှင့် ယင်းဆေး‌ပေါင်းသည် သန်ကောင်ကျစေသည့်ဆေးပါဝင်သဖြင့် အစာလမ်းကြောင်းအတွင်းသန်ကျပြီး ကလေးများအာဟာရပြည့်ဝလာစေမည့် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ကြောင်း၊ သို့ရာတွင် ၎င်းဆေးကို အသက် ၂နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ရောဂါတစ်ခုခုကို ဆိုးရွားစွာခံစားနေရသူများ မသောက်သုံးသင့်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဆက် (ပြန်/ဆက်)