ဟင်္သာတမြို့နယ်တွင် သဘာဝဘေးဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိ

ဟင်္သာတ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က ကယ်ဆယ်ရေးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှု အခြေအနေများအား ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများက စစ်ဆေးကြည့်ရှုခဲ့ကြသည်။

အဆိုပါတပ်ဖွဲ့ဝင်များအား ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ခရိုင်ကွန်ယက်အဖွဲ့ဝင်များက စနစ်တကျ ပြင်ဆင်စုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး​ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုက်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးမှ လိုအပ်သည်များ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရမည့်လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဟင်္သာတမြို့နယ် ရှာဖွေကယ်ဆယ်ရေး အသင့်အဖွဲ့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ဦးစီးမှူး ဦးဥက္ကာနှင့်တပ်ဖွဲ့ဝင် ၄၀ ဦး၊ ခရိုင်ကွန်ယက်မှ ကိုအောင်ကျော်မျိုးနှင့်၆ဦး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးမျိုးသက်ခိုင်နှင့်တပ်ဖွဲ့ဝင် ၆ ဦးတို့ဖြင့် သဘာဝဘေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)