မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

မိုးညို ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာ‌ပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ စာရေးဆရာမြင်းခြံကျော်အောင်(ခ)သန်းထက်စံ ရေးသားသည့် “ငါသူဌေးဖြစ်မယ့်လူလား” စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန္ဒာလင်းက စာဖတ်ဝိုင်းများပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌဦးမြသန်းက “ငါသူဌေးဖြစ်မယ့်လူလား” စာအုပ်မှ “အလုပ်” ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်း‌ကောင်း၊ အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင်ဒေါ်ဖြူဖြူစိုးက “ငါသူဌေးဖြစ်မယ့်လူလား”၊ ဝါသနာတူလူငယ်များအသင်း (Youth Club) အဖွဲ့ဝင် မောင်ပြည့်ဖြိုးထွန်းက “နိုင်ငံခြားထွက်အလုပ်လုပ်တော့ချမ်းသာရော့လား” စသည့်ခေါင်းစဉ်ပါအကြောင်းအရာများအား ဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။    

အဆိုပါစာအုပ်ကိုဖတ်ရှုခြင်းအားဖြင့် စာဖတ်ဖို့၊ လုပ်ငန်းနဲ့ပတ်သက်တာကို အမြဲတမ်းလေ့လာလေ့ကျင့်ဖို့၊ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့၊ ပညာရှိအောင်ကြိုးစားဖို့၊ ရရှိလာတဲ့ပစ္စည်းဥစ္စာများ တိုးပွားသည်ထက်တိုးပွားအောင် ကြံဆောင်ဖို့၊ မိမိလုပ်ငန်း တိုးတက်သည်ထက်တိုးတက်အောင်ဆောင်ရွက်ဖို့၊ ခြိုးခြံချွေတာဖို့ စသည့်ဗဟုသုတများစွာ ရရှိမည်ဖြစ်သည့်အတွက် ဖတ်ရှုသင့်သော စာအုပ်တစ်အုပ်ဖြစ်ကြောင်းသိရသည်။

ကိုမင်း (ပြန်/ဆက်)