မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၇)လုံး ကြိုတင်ပြောင်းရွှေ့ခဲ့ရ

မင်းဘူး ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက ထောက်ရှာပင် ကျေးရွာအုပ်စု၊ တပင်ကျေးရွာ၌ လူနေအိမ်(၇)လုံးဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ထောက်ရှာပင်ကျေးရွာအုပ်စု၊ တပင်ကျေးရွာ၌ လူနေအိမ်(၇)လုံးနှင့် အိမ်ထောင်စု(၇)စုမှ လူဦးရေပေါင်း(၃၂)ဦး ကမ်းပြိုဘေးသင့်ခဲ့ရပြီး၊ လူနှင့်ကျွဲ၊ နွားတိရစ္ဆာန်များကို ဘေးလွှတ်ရာဘုန်တော်ကြီး ကျောင်းဝင်းအတွင်သို့ (ယာယီ)ကြိုတင်ပြောင်းရွှေ့ပေးခဲ့ရကြောင်း၊ အဆိုပါဖြစ်စဥ်တွင် လူနှင့် အခြားတိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ ကမ်းပြိုဘေးကြောင့်ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လူနေအိမ်အိမ်ပြောင်းရွှေ့စရိတ် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်နိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။

ယခုလက်ရှိ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေသည် နေ့စဉ်တဖြေးဖြေးမြင့်တက်လျက်ရှိပြီး ဇူလိုင် ၉ ရက် နံနက် ၆ နာရီခွဲအချိန်အထိ ၁၄၁၄ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မင်းဘူးမြို့ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး မြစ်ရေအမှတ် ၁၅၀၀ စင်တီမီတာကျော်သို့ရောက်ရှိမှသာ ဧရာဝတီမြစ်ကမ်းဘေးတစ်လျောက်မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ဧရာဝတီမြစ်ရေစတင်ဝင်ရောက်လျက်ရှိကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)