ချောင်းသာ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ယမန်နေ့နံနက်ပိုင်းက ချောင်းသာမြို့ ရွာသစ်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁)ဦးထွန်းအောင်ကိုက ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများဖြစ်သည့် အရည်ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓါတ်ဆားများလျှင်မြန်စွာဆုံးရှုံး၍ အားအင်ကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းစသည်တို့ကိုလည်းကောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများတွင် မသန့်ရှင်းသော ရေကိုသောက်သုံးမိခြင်း၊ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲမှု အားနည်းခြင်း၊ ယင်နားစာများနှင့်မသန့်ရှင်းသော အစားအစာများစားသုံးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းခြင်း/မရှိခြင်း၊ အစားမစားမှီနှင့်အိမ်သာမှဆင်းလျှင် လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ မဆေးကြောခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း/ မရှိခြင်းတို့ကိုလည်းကောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် အဟာရချို့တဲ့နေသော ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ HIV ရောဂါပိုးကူးစက်ခံထားရသူများသည် ချက်ချင်းနီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူရန်ကိုလည်းကောင်း၊ (၂)ရက်ကျော်သည်အထိ မသက်သာပဲ ဝမ်းဆက်တိုက်သွားနေခြင်း၊ အလွန်အမင်းရေဆာခြင်း၊ နှုတ်ခမ်းနှင့်အရေပြားများခြောက်ခြင်း၊ ဆီးအလွန်နည်းခြင်း/ မသွားခြင်း/ ဆီးအရောင်ညိုခြင်း၊ အလွန်ခေါင်းမူးခြင်း၊ ပြင်းထန်စွာဗိုက်နာခြင်း စသည့်ပြင်းထန်လက္ခဏာများတွေ့ရှိပါက ချက်ချင်းနီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ ကုသမှုခံယူရန်တို့ကိုလည်းကောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအား အိမ်တွင်းကုသနည်းများနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် လိုက်နာရှောင်ကြဥ်ရမည့်အချက်များကို အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ တိုက်နယ်ကျန်းမာရေးဌာန၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ များနှင့် အမှက်(၂)ရပ်ကွက်မှ ပြည်သူများတက်ရောက်ခဲ့ကြပြီး ရပ်ကွက်နေပြည်သူများမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ကျန်းမာရေးဌာနမှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)