သဲကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လေ့လာ

သဲကုန်း ဇူလိုင် ၉

ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ စဥ်းစားတွေးခေါ်မှုမြင့်မားလာစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့် ရင်းရင်းနှီးနှီးထိတွေ့ပြီး စာအုပ်စာပေဖတ်ရှုသည့်အလေ့အကျင့်ကို ကလေးဘဝမှစ၍ လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် စာကြည့်တိုက်ကို ကောင်းစွာအသုံးပြုတက်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်း(ပေါက်တော)မှ ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့နံနက်(၉) နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် သဲကုန်း​မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာကြည့်တိုက်လေ့လာရေးအစီအစဥ်အဖြစ် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက စာကြည့်တိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်ပြည့်ဖြိုးသူက (Mini Museum) တွင် ခင်းကျင်းပြသထားသောပစ္စည်းများ၏ အသုံးဝင်ပုံ၊ အသုံးပြုပုံများ၊ စာငှားစာဖတ်ဝန်ဆောင်မှုလုပ်ငန်းများအား အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပြန်​​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အနေဖြင့် ​သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံကို စီစဉ်ထားရှိကြောင်း၊ ကလေးစာဖတ်ခန်း ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော (ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှလှူဒါန်းသော) ဘုတ်ပြားပြဇာတ်၊ စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်တွင် ငှားရမ်းဖတ်ရှုနိုင်သော စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။

သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်များ၊ တေဇ၊ ရွှေသွေး၊ တိုင်းရင်းသားရိုးရာရုပ်ပြပုံပြင်များ၊ ဉာဏ်စမ်းပဟေဠိစာအုပ်များ စသည့်စာအုပ်စာစောင်များ လာရောက်ဖတ်ရှုငှားရမ်းနိုင်ပြီး၊ ကလေးစာဖတ်ခန်းဝန်ဆောင်မှုအဖြစ် ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)