မကွေး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြသခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးမြို့ ကမ်းနားလမ်းရှိ ညဈေးတန်းတွင်ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို ဆောင်ရွက်လျက်ရှိရာ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရမှာဖြစ်သည့်အတွက် ယခုလိုသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ဆောင်ရွက်ရတာဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားလာပါက ပြည်သူများ၏အသက်အိုးအိမ်ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုမဖြစ်စေရေး ရှာဖွေကယ်ဆယ်ရေးနဲ့ ကယ်ဆယ်ရွေ့ထုတ်လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် အမြဲအသင့်အနေအထားရှိနေဖို့ လိုအပ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့အနေဖြင့် မြစ်ရေမြင့်တက်မှုအခြေအနေနှင့်ပတ်သက်ပြီး ပြည်သူများကိုအသိပညာပေးခြင်း၊ သတိပေးခြင်း၊ ရေဘေးဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးအင်အားစုများ၊ စက်လှေ၊ ရေယာဉ်များ၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများကို မြို့နယ်အလိုက် အသင့်စုဖွဲ့ထားလျက်ရှိသည်ကို သိရှိရကြောင်း၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေကိုကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုတတ်ဖို့၊ အမြဲအသင့်ဖြစ်နေဖို့နဲ့ မိုးဦးကာလနှင့် မိုးနှောင်းကာလများအတွင်း ဖြစ်ပေါ်တတ်သည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေကြီးမှုဘေးအန္တရာယ်များအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များအား အသင့်လေ့ကျင့်ပြင်ဆင်ထားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများသည် မီးသတ်တပ်ဖွဲ့ဝင်များက ရေပြင်ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များဖြစ်သည့် မြေနုကျွန်းပေါ်ရှိ ရေဘေးသင့်ပြည်သူများကို Assault Boat အသုံးပြု၍ ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းမှု သရုပ်ပြသခြင်းများနှင့် Intelligence Lifebuoy များအသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု သရုပ်ပြသခြင်းကိုကြည့်ရှုအားပေးပြီး ခင်းကျင်းပြသထားသည့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများအား လှည်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)