ကလေးဝ ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခြင်းကို ယမန်နေ့က ပြုလုပ်ပေးခဲ့သည်။
ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁၅၅၀ စင်တီမီတာရှိပြီး ယခုအခါ ၁၇၃၁ စင်တီမီတာသို့ ရောက်ရှိနေသဖြင့် ရေဝင်ရောက်နေသော မြို့ပေါ်မြေနိမ့်ပိုင်းဒေသ ရပ်ကွက် (၁)၊ ရပ်ကွက် (၂) နှင့် ကျေးရွာများဖြစ်သော ကျော်ဇင်၊ ယောစု၊ ကိုင်း၊ တုန်နန်း၊ ရွာသာ၊ နန်းဇလိန်၊ မစိန်ကျေးရွာများမှ ရေဘေးသင့်ဒေသခံ ပြည်သူများအား ရေလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများက ရွှေ့ပြောင်းပေးခဲ့သည်။
ကလေးဝမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၃၇ စု၊ လူဦးရေ ၁၅၄ ဦးအားရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။
သက်ဟန် (ကလေးဝ)