ငဖဲမြို့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသ

ငဖဲ ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်မီးသတ်ဦးစီးဌာနရုံးက ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ထိရောက်လျင်မြန်စွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍  ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

ထိုသို့ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသရာတွင် ငဖဲမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးနိုင်လင်းဦးနှင့်တပ်ဖွဲ့ဝင်(၁၈)ဦးတို့က မီးသတ်သမားတစ်ဦး၏စွမ်းဆောင်ရည်များပြသခြင်း၊ ငလျင်လှုပ်၍အဆောက်အဦပြိုကျပျက်စီးပြီး ပိမိနေသောလူနာအားကယ်ထုတ်ခြင်း၊ အဆောက်အအုံအတွင်းရှိ ဒုက္ခသည်များအား ကယ်ဆယ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကယ်ထုတ်ခြင်း၊ အဆောက်အအုံအတွင်း ပြိုကျပျက်စီးနေသည့်ပစ္စည်းများကြားမှ အကြောက်လွန်နေသူများနှင့် သတိမေ့နေသူများအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကယ်ထုတ်ခြင်းစသည်တို့ကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

ရာသီဉတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဖြစ်ပွားကြုံတွေ့လာနိုင်သော မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြစ်ရေမြင့်တက်ခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ရေရှားပါးခြင်း၊ အအေးလွန်ကဲခြင်းနှင့် ငလျင်လှုပ်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ၊ မတော်တဆမှုများဖြစ်ပွားကြုံတွေ့လာမည့်အခြေအနေများကို ကြိုတင်မျှော်မှန်းတွက်ဆထားရှိပြီး အစီအမံများပြင်ဆင် ဆောင်ရွက်ထားရှိသည့်အပြင် ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ယာဉ်၊ စက်ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်၊ စက်ပစ္စည်းကိရိယာများ ကြံ့ခိုင်ကောင်းမွန်ပြီး ထိရောက်စွာအသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

မယု(ငဖဲ)