ဖြူးမြို့နယ်၊ ဇေယျဝတီအထက်တန်းကျောင်းများတွင် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြော၊ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်

ဖြူး ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား ငယ်စဉ်ကစ၍စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ရရှိစေရေးတို့အတွက်ရည်ရွယ်၍ ယမန်နေ့၊ နံနက်(၉)နာရီအချိန်က ဇေယျဝတီမြို့ရှိ အ.ထ.က(၁)နှင့် အ.ထ.က(၂)ရှိ ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက အာဇာနည်နေ့အကြောင်းနှင့် နေ့ထူးနေ့မြတ်များအကြောင်း အသိပညာပေးဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သုံးဘီးမိုဘိုင်းလ်ယာဉ်စနစ်ဖြင့် ကလေးစာပေများအား ဖတ်ရှုစေခြင်း၊ ရုပ်ပြစာအုပ်ဖြင့် အသိပညာပေးပုံပြင်များပြောကြားခြင်း၊ စက္ကူပြဇာတ်ပြသပေးခြင်း၊ အာဇာနည်နေ့နှင့် ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)