ကြံခင်း ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (မဲဇလီ) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဟောပြောခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင်းကောင်းများ ရရှိလာစေရန်၊ မူလတန်းအရွယ်မှစ၍ ပုံပြင်ဖတ်ခြင်းမှ သုတ၊ ရသစာအုပ်ကောင်းများကို လေ့လာ ဖတ်ရှုသည့် အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုရခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြား တတ်စေရန်ရည်ရွယ်၍ ယခုလို ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ဖတ်ပြခြင်း၊ ကဗျာများသီဆိုခြင်းနှင့် ရသစာအုပ်များ ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)