ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ စိမ်းလန်းသောပတ်ဝန်းကျင်ရရှိအောင် သစ်ပင်စိုက်ပျိုးကြစို့ အသိပညာပေး ဟောပြောပွဲကျင်းပ

ထားဝယ် ဇူလိုင် 

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိမ်းလန်းသောပတ်ဝန်း ကျင်ရရှိအောင် သစ်ပင်စိုက်ပျိုးကြစို့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ဟောပြောရခြင်းဖြစ်ကြောင်း၊ စိမ်းလန်းသော ပတ်ဝန်းကျင်ရရှိအောင် လူသားတိုင်း ကိုယ်ရွာ၊ ကိုယ်မြို့၊ ကိုယ်ဒေသ၊ ကိုယ်ပတ်ဝန်းကျင်ကို တာဝန်အသိစိတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး သစ်ပင်ပျိုးပင်များစိုက်ပျိုးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ခင်လဲ့က အစိမ်းရောင်ပတ်ဝန်းကျင်မှ ပေးစွမ်းသော ကောင်းကျိုးများအကြောင်း၊ သစ်ပင်များသည် လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကနေရာမှ ပါဝင်ပြီးသစ်ပင် သစ်တောကြီးများ၊ မြို့/ရွာများ၊ လယ်ကန်သင်း၊ ရေကန်ဘောင်ဘေးရှိ သစ်ပင်များ၊ ချုံပင်များ၊ နွယ်ပင်များစသည်တို့ပါဝင်ကြောင်း၊ သစ်ပင်မှပေးစွမ်းသော ကျန်းမာ ရေးတန်ဖိုးများအကြောင်း၊ အစိမ်းရောင်ပတ်ဝန်းကျင်မှ ပေးစွမ်းသောလူသားများ၏စိတ်နှင့် ခန္ဓာကိုယ်ကောင်းကျိုးများအကြောင်း၊ သစ်ပင်၊ သစ်တောများတန်ဖိုးများ၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် အကျိုးကျေးဇူးနှင့် ကျန်းမာရေးတန်ဖိုးများကြောင်းစသည်တို့ကို အသိ ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)